Home

Monday, May 13, 2013

ဘာသာရေး လူမျိုးရေးအစွန်းရောက်တွေရဲ့ လုပ်ရပ်

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဟာ တိုင်းရင်းသားဖြစ်တာ မဖြစ်တာ ဒီနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖြေရှင်းရမယ့်ကိစ္စပါ။
 သမိုင်းကြောင်းနဲ့ယှဉ်ပြီး ဖြေရှင်းရမယ့်ကိစ္စပါ။ နိုင်ငံသားလား၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေလားဆိုတာ နိုင်ငံသားဥပဒေနဲ့ စီစစ်ရမယ့်ကိစ္စပါ။ တရားဥပဒေအရဖြေရှင်းရမယ့်ကိစ္စပါ။ နိုင်ငံသားစီစစ်မှုတွေကို စီမံချက်များချမှတ်ပြီး တိတိကျကျ ဆောင်ရွက်ရမယ့်ကိစ္စပါ ။

နိုင်ငံမဲ့ ဒါမှမဟုတ်လို့တစ်ဖက်နိုင်ငံကရွှေ့ပြောင်းဝင်လာသူနိုင်ငံခြားသားတွေဆိုရင်လည်း နိုင်ငံတကာဥပဒေနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးအရ လိုအပ်သလို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အခုတော့ ရိုဟင်ဂျာအရေး၊ ခိုးဝင်ဘင်္ဂလီအရေး၊ ရခိုင်ပဋိပက္ခစတာတွေကို အကြောင်းရှာပြီး မြန်မာနိုင်ငံအတွင်းမှာ ခေတ်အဆက်ဆက် ဥမကွဲသိုက်မပျက် လက်ရည်တပြင်တည်း အတူတကွနေထိုင်လာခဲ့ကြတဲ့၊ ဒီမြေမှာမွေး၊ ဒီမြေကရေကိုသောက် ဒီမြေကဆန်ကိုစားပြီး မြန်မာ
စကားက လွဲလို့ ဘာစကားမှမတတ်တဲ့၊ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ မြန်မာမုစ်လင်မ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြတယ်။


မြန်မာမုစ်လင်မ်တွေဟာ ဘယ်နယ်စပ်ကမှ ခိုးဝင်လာသူတွေမဟုတ်သလို ဗမာလူမျိုးတွေလိုပဲ၊ မြန်မာပြည်ကိုချစ်တယ်။ ဗမာလူမျိုးတွေရဲ့ စိတ်ရင်းစေတနာကို မြတ်နိုးတယ်။ ဗမာစာ-ဗမာစကားကိုတန်ဖိုးထားတယ်။ဗမာစကားကိုပဲပြောတယ်။ ဗမာ့ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေတယ်။ ခေတ်အဆက်ဆက် မြန်မာပြည်အတွက် အသက်ပေးခဲ့တယ်။ အဲဒီလို မြန်မာမုစ်လင်မ်တွေအပေါ်မှာ အမုန်းတရားတွေ၊ မယုံကြည်မှုတွေ၊ သံသယတွေ၊ အာဃာတတွေနဲ့ မြန်မာမုစ်စလင်မ်တွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီးနေကြတယ်။ နေအိမ်တွေက မောင်းထုတ်နေကြတယ်။ ၀တ်ပြုရာကျောင်းတော်တွေနဲ့ စာသင်ကျောင်းတွေကို ဖျက်ဆီးနေကြတယ်။ ကိုးကွယ်ရာ ဘာသာတရားကိုစော်ကား၊ ယုံကြည်ရာကျမ်းတော်တွေကို ပုတ်ခတ်ပြောဆိုနေကြတယ်။ အသက်ကိုရန်ပြု၊ ဥစ္စာပစ္စည်းတွေကို လုယက်ဖျက်နေကြတယ်။ ဒါတွေဟာ ဥပဒေမဲ့လုပ်ရပ်တွေပါ။ ဘာသာရေး လူမျိုးရေးအစွန်းရောက်တွေရဲ့ လုပ်ရပ်တွေပါ။ လူ့အသိုင်းအ၀ိုင်းတွေကြား မဖြစ်သင့်တဲ့လုပ်ရပ်တွေပါ။

ဒီလုပ်ရပ်တွေဟာ တကယ်တော့ ပဋိပက္ခဖန်တီးလိုသူ၊ ငြိမ်းချမ်းမှုကိုပျက်ပြားစေလိုသူ၊ တိုင်ပြည်အေးချမ်းသာယာနေမှုကို မလိုလားသူ တစ်စုရဲ့လုပ်ရပ်တွေပါ။ ဘာသာရေး လူမျိုးရေးပဋိပက္ခအသွင်ဆောင်အောင်လှုံ့ဆော်ပြီး လူ့အသိုင်းအသိုင်းနှစ်ခုအကြား အမုန်းမီးပွားအောင် အကွက်ကျကျ စီစဉ်ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်။
ဘယ်ဘာသာတရားကမှ အစွန်းရောက်မှု၊ အကြမ်းဖက်မှုတွေကို မသင်ကြားထားပါဘူး။ ဘယ်ဘာသာဝင် ဘယ်လူမျိုးကမှလည်း အစွန်းရောက်မှု၊ အကြမ်းဖက်မှုတွေကို မလိုလားမနှစ်သက်ကြပါဘူး။ အားမပေးကြ၊ မထောက်ခံကြပါဘူး။

ဒါကြောင့်မို့ ဘာသာတရားအသီးသီးကို ကိုးကွယ်ကြတဲ့ လူမျိုးအသီးသီးက ပူးပေါင်းပြီး အစွန်းရောက်သူများ၊ အကြမ်းဖက်သူများ၊ ပဋိပက္ခ ဖန်တီးသူများကို ၀ိုင်းဝန်းဖော်ထုတ်ဖယ်ရှားပြီး တည်ငြိမ် အေးချမ်းတဲ့ မြန်မာနိုင်ငံကိုတည်ဆောက်ကြပါစို့ တိုက်တွန်းလိုက်ရပါတယ်။

မင်မျိုးဝင်း(ရန်ကုန်တက္ကသိုလ်)