Home

Monday, May 20, 2013

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲဖြစ်ဖြစ်


ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲဖြစ်ဖြစ် မိမိနိုင်ငံမှာနေထိုင်ကြတဲ့
နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်။
မိမိနိုင်ငံအတွင်းမှာရှိတဲ့ လူနည်းစုလူမျိုးစုကိုဖြစ်စေ၊ လူများစုလူမျိုးစုကိုဖြစ်စေ မိမိနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ တန်းတူညီမျှမှုပေးရမယ်။
မိမိနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြပါအတိုင်း ကာကွယ်စောင့်ရှောက်မှုပေးရမယ်။

မိမိနိုင်ငံသားများအပေါ် ယင်းတို့မှ ပျက်ကွက်နေတယ်ဆိုရင် လူ့ဘောင် အစိပ်စိပ် အမြွာမြွာ ပြိုကွဲမှုများဖြစ်နိုင်တယ် ။ အင်အားကြီးတဲ့ လူများစုက အင်အားနည်းတဲ့ လူနည်းစုတို့အပေါ် အနိုင်ကျင့်စော်ကားမှုတွေ၊ အကြမ်းဖ
က်မှုတွေနဲ့၊ ပဋိပက္ခတွေဖန်တီးနေတာကို အားပေးအားမြှောက် လုပ်နေရာကျပါတယ်။ မသိကျိုးကျွန်ပြုရာရောက်ပါတယ် ။ နိုင်ငံသားအချင်းချင်း အမုန်းတရားများ၊ မနာလိုမှုများ၊ အာဃာတများ၊ မယုံကြည်မှုများတိုးပွားလာပြီး၊နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုကိုထိခိုက် ပျက်ပြားစေနိုင်ပါတယ် ။

ယခုလို ဒီမိုကရေစီစနစ်ဆီသို့ ပြောင်းလဲဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများမြောက်များစွာနဲ့ ရင်ဆိုင်နေရမှာဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ဆီ ပြောင်းလဲနေမှုကို မလိုလားသူတွေ၊ အာဏာရှင်စနစ်ဆီနောက်ကြောင်းပြန်လှည့်လိုသူတွေနဲ့ မိမိတို့မိသားစုအသိုင်းအ၀ိုင်းကောင်းစာရေးအတွက်သာ ကိုယ်ကျိုးရှာနေတဲ့ဝိသမလောဘသားတို့ရဲ့ လှည့်ကွက်တွေထဲ သက်ဆင်းသွားနိုင်ပါတယ်။
ဒါကြောင့်မို့ နိုင်ငံအတွင်း နေထိုင်ကြတဲ့ နိုင်ငံသားအားလုံးကို နိုင်ငံတော်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်စောင့်ရှောက်ရမှာဖြစ်သလို ဥပဒေကိုလေးစားလိုက်နာရမယ်။ နိုင်ငံသားတိုင်းက မတူကွဲပြားမှုတွေကို နားလည်သဘောပေါက်ပြီး၊ သတိဝိရိယရှိရှိ အသိအမြင်ကျယ်ကျယ်၊ အမုန်းတရားမှိုင်း၊ အာဃာတမှိုင်းမမိကြဘဲ စည်းလုံးညီညွတ်မှာသာ အကြမ်းဖက်မှုတွေ ကင်းစင်ကာ လှည့်ကွက်တွေ ထောင်ချောက်တွေကနေ လွတ်ကင်းပြီး 
ဒီမိုကရေစီစနစ်ဆီ အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။       ။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)