နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးခလောက်ဆန်မှုတစ်ခုဖြစ်လာတိုင်း လူတွေယုတ်မာစွာချလေ့ရှိသော မှတ်ချက် တစ်ခုရှိ၏။
“ဘာသာရေးပဋိပက္ခ”ဟူ၍ဖြစ်၏။ အမှန်တော့ ဘာသာတရားတိုင်းသည် သန့်စင်မွန်မြတ်ကြသည်သာဖြစ်၏။ ညစ်ပတ်စုတ်ပဲ့ကြသည်မှာ ဘာသာတရားမဟုတ်။ ထိုဘာသာကို ကိုးကွယ်ပါသည်ဟု ကြွေးကြော်ပြီး ထိုဘာသာတရား၏ အဆုံးအမကို မလိုက်နာဘဲ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ပြုကျင့်သူများသာဖြစ်သည်။ ဘာသာဝင်အချင်းချင်း လောဘ၊ ဒေါသ၊ မောဟများ ငြိမိကြရာမှ အကောက်ကောက်ချင်း ချိတ်မိကြ၏။
တစ်ဖက်က သေလုအောင် ကောက်နေစေကာမူ တစ်ဖက်က ဖြောင့်နေလျှင် ချိတ်မိစရာအကြောင်းမရှိ။ တစ်ဖက်သတ်အကိုက်ခံရလျှင် လူကို ခွေးကိုက်သည်ဟု ဆိုရ၏။ ဟိုတစ်ဖက်နှင့် သည်တစ်ဖက် နှစ်ဖက်စလုံးကိုက်ကြပြီဆိုလျှင် တော့ ခွေးခွေးချင်းကိုက်သည်ဟု ဆိုရတော့သည်။ မိမိတို့သည် အခြားသော လုပ်စရာတွေရှိနေကြပါ၏။ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးတွေလုပ်ရပါမည်။ သားရေးသမီးရေးတွေလည်း လုပ်ရပါဦးမည်။ ရန်ဖြစ်နေ၍ အကျိုးမရှိ။ ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခြားသိတတ်၏။ ထို့ကြောင့် လူဟုခေါ်ရခြင်းဖြစ်၏။ ထိုသိမှုသည် လူသားတစ်ဦးအတွက် အနည်းဆုံးသိသင့်သော အချက်ပဲရှိသေးသည်။ ထိုအချက်ကလေးကိုမှ မသိသေးသောသူများသည် လူမဟုတ် “လု”တွေသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်ထမင်းကိုယ် အေးအေးဆေးဆေးစားနေကြသော အခြားလူများ၏ စိတ်ချမ်းသာမှုကို လုယက်ယူဆောင်သွားတတ်ခြင်းကြောင့် ပေတည်း။
ကျွန်ုပ်ပြတ်သားစွာ ပြောလိုက်မည်။
ယနေ့ ကျွန်ုပ်တို့လူ့အဖွဲ့အစည်း၌ လူတို့တစ်စတစ်စနည်းပါးလာကာ “လု”တို့ တဖြည်းဖြည်းများပြားလာနေပြီ၏။ “လု”တို့သည် လုယက်ဖို့လောက်သာ နားလည်ကြသည်။ အေးချမ်းသာယာသော လောကကို ဖျက်ဆီးဖို့လောက်သာ အားထုတ်နေကြ၏။ ထိုလူမဟုတ်သော လုများသည် ဘာသာတိုင်းတွင်ရှိနေသည်။ ဗုဒ္ဓဘာသာထဲ၌လည်း “လု”တွေရှိ၏။ (ဘုရားခိုးသူ၊ ဘုရားပွဲကန်ထရိုက်ဆွဲသူ၊ သံဃာတော်တို့အား စော်ကားသူ စသည်ဖြင့်….)၊ အစ္စလာမ်ဘာသာထဲ၌လည်း “လု”တွေရှိသည်။ ဟိန္ဒူဘာသာထဲ၌လည်း “လု”တွေရှိ၏။ ခရစ်ယာန်ဘာသာထဲ၌လည်း “လု”တွေရှိတတ်ကြသာဖြစ်ပါ၏။ ထို“လု”တို့ ယုတ်မာကြခြင်းသည် ဘာသာတရား၏ အပြစ်မဟုတ်ပါ။ ဘာသာတရားတို့သည် သားသမီး မကောင်း မိဘခေါင်းဟူသော အနေအထား၌သာရှိနေပါ၏။ လူမဆန်သော လုပ်ရပ်တို့ကို လုပ်ဆောင်ရန် မည်သည့်ဘာသာက မိန့်ဆိုပါသနည်း။ မည်သည့်ဘာသာတရားကမျှ မိန့်ဆိုလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သီတဂူဆရာတော်ဘုရားက သူ၏ ကမ္ဘာကျော်ကုလသမဂ္ဂမိန့်ခွန်းတစ်ခု၌ ယခုကဲ့သို့ဆိုထားလေ၏။
“ဘာသာရေးတိုင်းသည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီးငြိမ်းချမ်းမှုပေးနိုင်ကြ ပြီး လူသားတို့၏ စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်ပါသည်။”
ဟူ၏။ ကျွန်ုပ်သည်လည်း သီတဂူဆရာတော်ကြီး နည်းတူ ယုံကြည်မျှော်လင့်ပါသည်။ လက်လှမ်းမီသမျှ ဘာသာတရားများကို ကျွန်ုပ်စွမ်းအားရှိသလောက် လေ့လာခဲ့ပြီးဖြစ်၏။ မည်သည့်ဘာသာတရားကမှ လူ့လောကကို ဒုက္ခပေးကြ၊ ဆူကြပူကြ ရန်ဖြစ်ကြ၊ တိုက်ခိုက်လုယက်ကြဟု မပြော။ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ သဗ္ဗညုတဗုဒ္ဓမြတ်စွာ၏ ဒေသနာ၌ ယခုကဲ့သို့ရှိ၏။
“မကောင်းတာ ဘာတစ်ခုမှ မလုပ်နဲ့ ရှောင်။
ကောင်းတာမှန်သမျှ ပြည့်စုံအောင်လုပ်။
မိမိတို့ စိတ်ကလေးဖြူဖွေးအေးချမ်းအောင်ကျ င့်။
ဒီတရားသုံးပါးဟာ ပွင့်ပြီးသမျှဘုရားရှင်တိုင်း၏
အဆုံးအမ သာသနာတော်ပါပဲ။ (သြ၀ါဒ ပါတိမောက်)
မြတ်စွာဘုရားရှင်တို့က ထိုသို့ဟောကြားတော်မူကြသော်လည်း အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ထိုဟောကြားချက်ကို ဂရုမစိုက် မကောင်းတာတွေ အကုန်လုပ်ကြ၏။ ကောင်းတာတွေ ဘာတစ်ခုမျှမလုပ်။ စိတ်ဓာတ်ကလည်း ညစ်ပတ်စုတ်ပဲ့ အောက်တန်းကျနေလိုက်သေး၏။ မြတ်စွာဘုရား၏ စကားကို နားမထောင်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်ခြင်းသည် မြတ်စွာဘုရားကို တော်လှန်ပုန်ကန်မှုပင်ဖြစ်သည်။ ထိုအမှုသည် မြတ်စွာဘုရား၌ တာဝန်မရှိ။ တော်လှန်ပုန်ကန်သူတို့၌သာ တာဝန်ရှိ၏။
၁။ ခြေလှမ်း ၇ လှမ်း အတူတူသွားဖူးလျှင် (မိတ္တ)မိတ်ဆွေ။
၂။ ၁၂ ရက် အတူသွား အတူနေဖူးလျှင် (သဟာယ) သူငယ်ချင်း။
၃။ ၁ လ၊ ၁ လ ခွဲ အတူနေဖူးလျှင် (ညာတိ) ဆွေမျိုး။
၎။ ထို့ထက်ကြာမူ (အတ္တသမ) ကိုယ်နှင့်ထပ်တူ နှစ်ကိုယ့်တစ်စိတ်ပုဂ္ဂိုလ်။
(ဇာတကပါဠိ၊ ဧကကနိပါတ်၊ ကာဠကဏ္ဍိဇာတ်)
ကျွန်ုပ်တို့သည် ထိုစကားကိုလည်း နားမထောင်ကြ။ ကျွန်ုပ်တို့သည် မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး၊ ကိုယ်နှင့် ထပ်တူဆိုတာတွေကို စိတ်မ၀င်စား။ ကောလာဟလတွေကိုသာ စိတ်ဝင်စားပြီး တစ်ဖက်နှင့် တစ်ဖက် ဆော်ကြ၏။ စဉ်းစားမလား သေမလားဆိုလျှင် မစဉ်းစားဘူး သေမယ်ဆိုသော လူစားတွေက များသည်။ ဒီကောင်တွေ အုပ်စုများလာရင် ထောင်ထောင်လုပ်တယ်။ မြန်မာပြည်အနှံ့မြို့လယ်ခေါင်မှာ သူဌေးဆိုကြည့်လိုက် ဒီကောင်တွေချည်းပဲ။ ထိုသို့ ဆိုကြ၏။ ထောင်တာကတော့ ပုထုစဉ်မှန်သမျှ မည်သူမဆို ထောင်ကြသည်သာဖြစ်၏။ ချိုရှိသော သတ္တ၀ါက ချိုထောင်သည်။ အဆိပ်ရှိသော သတ္တ၀ါက အဆိပ်အားကိုးနှင့် ထောင်သည်။ လက်နက်ရှိသောသူက လက်နက်နှင့်ထောင်သည်။ အာဏာရှိသော သတ္တ၀ါက အာဏာနှင့် ထောင်သည်။ စည်းစိတ်ဥစ္စာရှိသောသူက စည်းစိမ်ဥစ္စာနှင့် ထောင်သည်။ ဆွေမျိုးရှိသောသူက ဆွေမျိုးအားကိုးနှင့် ထောင်သည်။ ထောင်ထောင် ထောင်ထောင် လုပ်ခြင်းသည် သူတော်ကောင်း အလုပ်မဟုတ်ချေ။ ဒီကောင်တွေမြို့လယ်ခေါင်မှာ သူဌေးဖြစ်ခြင်းသည် ဒီကောင်တွေမှာ ပိုက်ဆံရှိ၍ ဖြစ်၏။ ကျွန်ုပ်တို့လည်း ပိုက်ဆံရှိလျှင် မြို့လယ်ခေါင်မှာ နေ၍ ရသည်သာတည်း။ ထိုအချက်နှင့်ပတ်သက်၍ စာရေးဆရာသတင်းစာ ဆရာကြီး လူထုစိန်ဝင်းက သူ၏ ရှက်စိတ်၊ ကြောက်စိတ်၊ အရိုင်းစိတ် စာအုပ်၌ ယခုကဲ့သို့ ရေးထားလေ၏။
“ စစ်မဖြစ်မီခေတ်နဲ့ စစ်ပြီးကာလများမှာ လူငယ်ပညာတတ်များရဲ့ အဓိကရည်မှန်းချက်က အစိုးရ၀န်ထမ်း အရာရှိလုပ်ဖို့သာဖြစ်သည်။ (၇)တန်း၊ (၈)တန်းလောက်သာ အောင်တဲ့သူများကလည်း မြေတိုင်းစာရေး လောက်၊ တောခေါင်းလောက်တော့ မျှော်မှန်းကြတယ်။ စီးပွားရေးလုပ်ဖို့ စိတ်မ၀င်စားကြဘူး။ အရောင်းအ၀ယ်အလုပ်ကို အောက်တန်းကျတယ်လို့ ယူဆကြတယ်။ အဲဒါကြောင့် ရှေးခေတ်စီးပွားရေးနယ်ပယ်အသီးသီးမှာ တရုတ်ကုလားတွေသာ အများဆုံးလုပ်ကိုင်ကြတယ်။ သူတို့တတွေကတော့ သူတို့နိုင်ငံရဲ့ အငတ်ဘေးဆိုးကြီးတွေက ထွက်ပြေးရောက်ရှိ လာကြပြီး။ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ကြုံရာကျပန်း လုပ်ကိုင်စားသောက် နေထိုင်ကြရတာဖြစ်လေတော့ ဘယ်အလုပ်မျိုးကိုမှ အောက်ကျတယ်လို့ သဘောမထားကြဘူးလေ။ (လူထုစိန်ဝင်း - ရှက်စိတ်၊ ကြောက်စိတ်၊ အရိုင်းစိတ် စာမျက်နှာ - ၂၃)
ရှေးခေတ်လူသားတွေ စီးပွားရေး၊ အရောင်းအ၀ယ်လုပ်ရတာ အောက်တန်းကျတယ်လို့ယူဆပြီး မလုပ်ခဲ့ကြတဲ့အတွက် မြို့လယ်ခေါင်က ဗမာအိမ်တွေ မြို့ပြင်ရောက်ခဲ့ကြရတာဖြစ်ပါတယ်။ ရောင်းချပြောင်းရွှေ့သွားသူ နှောင်းခေတ်လူသားတွေမှာလည်း ဒါလေးကို ဒီလိုမှ မရောင်းရင် အဆင်မပြေလို့သာ ရောင်းချသွားရတာဖြစ်တယ် - ဟု ဆရာလူထုစိန်ဝင်းနှင့် စကားပြောဖြစ်ခဲ့စဉ်ကလည်း နားထောင်ခဲ့ရဖူး၏။။ ကျွန်ုပ်လည်း ပိုက်ဆံရှိလျှင် ထရိတ်ဒါးမှာ တစ်သက်လုံး အခန်းငှားပြီး စာရေးနေ၍ ရသည်ပင်ဖြစ်၏။
အစ္စလာမ်တို့အထွတ်အမြတ်ထား လိုက်နာကျင့်သုံးကြရသော ကျမ်းတော်မြတ်ကုရ်အာန်၌ အောက်ပါအတိုင်း မိန့်ဆိုထားချက်များရှိ၏။
ကျမ်းတော်မြတ်ကုရ်အာန်သည် အစ - မှ - အဆုံးတိုင် ကရုဏာချည်းသာတည်း။ (ကျမ်းအဖွင့်)
အကြင်သူသည် လူအများအပေါ်ဝယ် သနားကြင်နာမှုကင်းမဲ့၏။ ထိုသူအား အလ္လာဟ်ရှင်မြတ်ကလည်း သနားကြင်နာတော်မူမည်မဟုတ်။ (ကုရ်အာန် ပထမတွဲ - စာမျက်နှာ ၂၂)
အကြင်သူတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်၏။ ဆွလာတ်ပြု၏။ သို့ရာတွင် သတ္တ၀ါများအား မကူညီမရိုင်းပင်း မပေးလှူ မကျွေးမွေးပါလျှင် ထိုသူသည် သူတော်စင်အစစ်အမှန်ဖြစ်နိုင်မည် မဟုတ်ချေ။
ကုရ်အာန်ကျမ်းမြတ်၏ မြောက်များစွာသော ပါဒများတွင် အလှူဒါန၏ အကျိုးကို ဖော်ပြထားသည်။ (ပထမတွဲ - စာမျက်နှာ - ၉)
ထိုကုရ်အာန်ကျမ်းမြတ်၏ သွန်သင်ဆုံးမချက်များသည် မကောင်းပါသလော။ ကောင်သည်သာဖြစ်၏။ အစ္စလာမ်အစစ်သည် ကုရ်အာန်ကျမ်းမြတ်နှင့်အညီ နေထိုင်ကျင့်သုံးရန်တာဝန်ရှိ၏။ ကုရ်အာန်ကျမ်းမြတ်က အစအဆုံးကရုဏာပြဋ္ဌာန်းသည်။ အစ္စလာမ်ဘာသာဝင်တွေက ကျမ်းမြတ်နှင့် ဆန့်ကျင်ကာ ကရုဏာကင်းသော အလုပ်များကို လုပ်သည်ဟုဆိုလျှင် သဘာဝမကျ။ ထိုသူများသည်လည်း အလ္လာဟ်အရှင်မြတ်ကို တော်လှန်ပုန်ကန် ကြသူများဖြစ်၏။ ထိုသူများကို အလ္လာဟ်အရှင်မြတ်က သနားမည်မဟုတ်။ ကရုဏာမရှိသောသူများကို ဘယ်သူမှ သနားလိမ့်မည်မဟုတ်။ ကျွန်ုပ်လည်းမသနား။ မသနားသည့်အပြင် ဖနောင့်နှင့်တောင် ပေါက်ချင်သေးသည်။
အစ္စလာမ်သည် အစ္စလာမ်ဘာသာဝင်ကိုမှသာ ကူညီကောင်းသည်မဟုတ်။ အခြားသော ဘာသာဝင် လူသားများကိုလည်း လှူဒါန်းကောင်း ကူညီကောင်းသည်သာဖြစ်၏။ ကုရ်အာန်ကျမ်းကို တကယ်တတ်သိသူများနှင့် ဆွေးနွေးပြီးမှ သည်အချက်ကို ကျွန်ုပ်ထည့်ရေးခြင်းဖြစ်သည်။ စာမျက်နှာပေါင်း (၃၀၈၈)မျက်နှာရှိသော ကုရ်အာန်ကျမ်းကို ကျွန်ုပ်လေ့လာပြီးဖြစ်သည်။ အစ္စလာမ်ဘာသာသည် ကုရ်အာန်ကျမ်းတော်မြတ်၏ သွန်သင်ဆုံးမချက်အရ ဘယ်လူမျိုး ဘယ်ဘာသာဝင်ကိုမှ မတရားစော်ကားပိုင်ခွင့်မရှိ။ သို့သော်လည်း အချို့သော အစ္စလာမ်ဘာသာဝင်တို့သည် သဘောထား တင်းမာကြ၏။ ကုရ်အာန် ကျမ်းမြတ်အတိုင်း မလိုက်နာ။
“အလ္လာဟ်အရှင်မြတ်သည် မနုဿလူသားတို့ကို တစ်ခါတစ်ရံ ဒုက္ခပေး၍ စမ်းသပ်တော်မူ၏။ တစ်ခါတစ်ရံ ချမ်းသာပေး၍ စမ်းသပ်ောတ်မူ၏။” ( ၂၁း ၃၅)
ထိုအချက်ကိုလည်း လေးလေးနက်နက် မတွေးခေါ်မမျှော်မြင် မကျင့်သုံးကြ။ ဗုဒ္ဓဘာသာ၌ ခန္တီပါရမီ ခန္တီမင်္ဂလာ စသည်ဖြင့် ဟောတော်မူသကဲ့သို့ ကုရ်အာန်ကျမ်း၌ ခန္တီတရားကို အထူးတလည် ထိန်းသိမ်းစောင့်ရှောက်ရမည့်အြေ ကာင်း အရာ အများအပြားတွေ့ရ၏။ သို့သော် တကယ်တမ်းလိုက်နာကျင့်သုံးသော အစ္စလာမ်ကား နည်းလှ၏။ ငါ့လူမျိုး မထိနဲ့ ချထည့်လိုက်မယ် ဟူသော သူက များလှချေ၏။ အစ္စလာမ်ဘာသာသည် ငြိမ်းချမ်းရေးကို အထူးလိုလားသော ဘာသာဖြစ်သည်။ သို့သော်လည်း အချို့သော အစွန်းရောက်ပြီး သဘောထားတင်းမားသူများက မိမိတို့ဘာသာတရားသိက္ခာကျစေမည့် အလုပ်နေကြလေ၏။ ထပ်ပြောမည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို တော်လှန်ပုန်ကန်သော အစ္စလာမ်အယောင်ဆောင် လူယုတ်မာများဖြစ်ကြ၏။
ဤသို့ဖြင့် မြတ်ဗုဒ္ဓကို တော်လှန်ပုန်ကန်သူများနှင့် အလ္လာဟ်အရှင်မြတ်ကို တော်လှန်ပုန်ကန်သူများ၊ ပဋိပက္ခဖြစ်ကြ၏။ လူချင်းဖြစ်သော ပဋိပက္ခ၌ ဘယ်ဘုရားကမှ ၀င်၍ မြှောက်ပေးတော်မူခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဘာသာရေး ပဋိပက္ခဟု မခေါ်သင့် မခေါ်ထိုက်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို ယ်တိုင်ကလည်း ဒါဟာ သာမန်ပုဂ္ဂလိက အငြင်းပွားမှု သာမန်မှုခင်း တစ်ခုသာဟုဆိုထားပေ၏။ ဘယ့်နှယ်ကြောင့် အမှုကြီးအောင် ဘာသာတရားကို ဆွဲထည့်ပြီး ဘာသာရေးပဋိပက္ခဆိုချင်ကြပါသနည်း။ ဘာသာတရားတွေကို သိက္ခာမချကြပါနှင့် ဟု ပြောချင်သည်။ ဆက်လက်၍ ပဋိပက္ခများဖြစ်ပွားပါလျှင် နိုင်ငံတော်နှင့်ပြည်သူအတွက် အကျိုးမဲ့ရန်အကြောင်းသာရှိ၏။ ခွေးဟောင်တိုင်းထ ကြည့်သူကဲ့သို့ ကောလဟလတွေကို ယုံပြီး လူလူချင်းဆော်ကြပါလျှင် လောက၌ လူဟူ၍ ကြည့်စရာကျန်တော့မည် မဟုတ်ချေ။ ကျွန်ုပ်တို့ သောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီ။ ဤဆောင်းပါးကို မြတ်ဗုဒ္ဓ၏ စကားတစ်ခွန်းနှင့် အဆုံးသတ်လိုက်သည်။
ကလဟော ၀ိနာသမူလမေ၀ ဟောတိ။
ခိုက်ရန်ဒေါသဖြစ်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
ဝိ၀ါဒကေသော တ္တိဘာဝေါနာမ နတ္ထိ။
အချင်းချင်း အညီညွတ်သော နေရာ၌ စိတ်ချမ်းသာစရာမရှိ။
(ဆင်းရဲကင်းကွာ ချမ်းသာကြပါစေ …)
ရွှေစုန်းချောင်းဆရာတော်
အရှင်ဝိစိတ္တာလင်္ကာရ
Essential Journal Volume-1 NO-41 Dated 5/7/2013
Credit to: အရှင်ဝိစိတ္တာလင်္ကာရ (ရွှေစုန်းချောင်းဆရာတော်)