Home

Sunday, July 13, 2014

ဝင်းခိုင်ဦး(ခ)၀ီရသူ အတွက် ဓမ္မသတ်

မြတ်ဗုဒ္ဓသည် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ နေရာဒေသ၊ နိုင်ငံ၊ အသားအရောင်၊ ယောင်္ကျား၊ မိန်းမ စသည်အားဖြင့် အပေါ်ယံအသွင်သဏ္ဌာန်အားဖြင့် မည်မျှပင် များပြားစွာ ကွဲပြားခြားနား နေစေကာမူ လူသားအားလုံးကို တန်းတူရည်တူ တန်ဘိုးထားလျှက် ကရုဏာထား မေတ္တာပွါးရမည်ဖြစ်ကြောင်း သင်ကြားဆုံးမတော်မူ၏။ လူသားအဖြစ်ကို ရရှိဘို့ရန်မှာ အလွန်ပင်ခက်ခဲကြောင်း မြတ်ဗုဒ္ဓ ဟောတော်မူပါ၏။


ထို့ပြင် မေတ္တာသုတ်၌လည်း မိခင်သည် မိမိ၏တစ်ဦးတည်းသော သားကို အသက်တမျှ တန်ဘိုးထားစောင့်ရှောက် ဘိသကဲ့သို့ လူသားအားလုံးသည်လည်း တစ်ဦးပေါ်တစ်ဦး လေးစားတန်ဘိုးထားကာ သက်ရှိသတ္တဝါ အားလုံးကို မေတ္တာပွါးများကြရမည်ဟု ဆို၏။
ထို့ပြင် မေတ္တာမပွါးနိုင်ဘဲ ဒေါသအလျောက် သတ်ဖြတ်မိပါကလည်း သတ္တဝါတို့၏ တန်ဘိုးအသီးသီးအလိုက် အပြစ်ရှိကြောင်း မြတ်ဗုဒ္ဓ သင်ကြားပေးတော်မူ၏။
သတ္တဝါတို့ကို သတ်ဖြတ်မှုကြောင့် ရရှိသောအပြစ်ဒဏ်များတွင် လူကိုသတ်သည့် အပြစ်သည် အကြီးလေးဆုံးဖြစ်ပါ၏။

အထင်ရှား အလွယ်ကူဆုံးသော သာဓကတစ်ခုကို ပြရလျှင် ရဟန်းတစ်ပါးသည် သေစေလိုသော ကြံရွယ်ချက်ဖြင့် လူကိုသတ်မိပါက ရဟန်းအဖြစ်မှ လျှောကျလေတော့၏။ ပါရာဇိကကျလေ၏။ ရဟန်းဘဝဖြင့် ဆက်လက်၍ နေခွင့်မရှိတော့ပေ။
အနိမ့်ဆုံးအဆင့် လူရုပ်အသွင်သဏ္ဌာန် မပီပြင်သေးသော သန္ဓေသားကို ပျက်ကျစေရန် ကိုယ်ဝန်ဖျက်ဆေး ပေးလျှင်ပင် ပါရာဇိက ကျလေတော့၏။
ရဟန်းတစ်ပါးအနေဖြင့် မည်သည့်အကြောင်းကြောင့်မျှ လူကိုသတ်ခွင့်မရှိ၊ သတ်ဘို့ရန် နည်းလမ်းလည်း ပေးခွင့်မရှိ၊ လူသားတစ်ယောက် သေစေရန် ရည်ရွယ်၍ မည်သို့သော နည်းပရိယာယ်ကိုမျှ အသုံးပြုခွင့်မရှိပေ။
အကယ်၍ လူကိုသေစေရန် တနည်းနည်းဖြင့် ကျူးလွန်မိပါက နောက်ထပ်တစ်ဖန်
ရဟန်းဖြစ်ချင်၍ အကြိမ်တစ်ရာ ကမ္မဝါဖတ်၍ ရဟန်းခံသော်လည်း ရဟန်းအဖြစ်ကို မရနိုင်တော့။ အဘယ့်ကြောင့်နည်း။ အလွန်တန်ဘိုးကြီးမားလှသော လူသားဘဝကို ဆုံးရှုံးအောင် ပြုမူခြင်းကြောင့်ပင်တည်း။ ဤကား မြတ်ဗုဒ္ဓ၏ တရားဓမ္မစစ်စစ်ပင်တည်း။
_______________________________________
m y O e w y n n _ 1 4 . 0 5 . 2 0 1 4