Home

Sunday, July 13, 2014

နှစ် ၅၀ လုံးလုံး အမျိုးစောင့်ဖို့ မေ့နေကြတာလား။

နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ၊ ရိုးသားစွာအရည်အချင်းနဲ့မယှဉ်ပြိုင်ဘဲ
ဘာသာရေးကို သွတ်သွင်းလာတာဟာ လူထုသည်းခြေကြိုက်အဖြစ်ဖန်တီးပြီး
မသမာတဲ့နည်း အောက်လမ်းနည်းနဲ့ အာဏာကိုဆွဲဆန့်ဖို့၊ အာဏာကိုဖြတ်ခုတ်ဖို့
ကြံစည်ခြင်းပါ။ ဘာသာရေးကို အမှန်တကယ် သက်ဝင်ယုံကြည်မှုမရှိဘဲ၊အာဏာတည်မြဲရေးအတွက်သာ

ခုတုံးလုပ်ဖို့သက်သက် အသုံးချချင်တဲ့အတွက် အခြားဘာသာတွေကို စော်ကား ရန်ပြု အကြမ်းဖက်မှုတွေကို ဖန်တီးလာကြတာ ဖြစ်တယ်။ ဘာသာရေးကို အမှန်တကယ် သက်ဝင်ယုံကြည်သူ၊ ဘာသာရေးကို ထဲထဲဝင်ဝင် လေးစားလိုက်နာသူတွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး မိမိတို့ ကိုယ်ကျိုးအတွက် အသုံးချလေ့မရှိကြပါဘူး။

မျိုးစောင့်ဥပဒေကို အခုမှ အကောင်အထည်ဖော်မယ်ဆိုတာ
မျိုးချစ်ခေါင်းဆောင်ကြီးတွေ နှစ် ၅၀ လုံးလုံး အမျိုးစောင့်ဖို့မေ့နေကြတာလား။
မျိုးစောင့်ဥပဒေဆိုတာလည်း မိမိဘာသာကိုလေးစားလို့ တန်ဖိုးထားလို့မဟုတ်ဘဲ၊
မိမိဘာသာဝင်တွေအပေါ်မှာ စေတနာတရားထက်သန်လို့မဟုတ်ဘဲ၊
ဒီမျိုးစောင့်ဥပဒေကြီး လွှတ်တော်ထဲရောက်သွားတဲ့အချိန် လူ့အခွင့်အရေး အိုင်ကွန်ဖြစ်တဲ့ ဒေါ်စုက လူအခွင့်အရေးနဲ့ဆန့်ကျင်တာ၊ ဒီမိုကရေစီနဲ့ ဆန့်ကျင်တာကို လက်မခံဘဲ ကန့်ကွက်မယ်ဆိုတာ သိနေတဲ့အပေါ် လူထုကဒေါ်စုကို မုန်းတီးလာအောင်၊ ထောက်ခံမှုအားနည်းလာအောင် ဖန်တီးလိုက်ခြင်းသာဖြစ်တယ်။
မျိုးစောင့်ဥပဒေက အပြင်ပန်းအရကြည့်ရင် ဘာသာခြားတွေကို ရည်ရွယ်တယ်လို့ ထင်ရပေမယ့် ပုဒ်မ ၅၉(စ)ပြင်ပေးခဲ့ရင်တောင် မျိုးစောင့်ဥပဒေနဲ့ ငြိအောင် ဖန်တီးထားမယ့်အကွက်ဆိုတာ သိသာထင်ရှားနေပါတယ်။
ဒါဟာ အာဏာရှင်တွေရဲ့ အာဏာတည်မြဲရေးအတွက် လူထုခေါင်းဆောင်ကို လူထုနဲ့သွေးခွဲဖို့၊ အတိုက်အခံ ဒီမိုကရေစီဘက်တော်သားတွေကို လူထုက အမြင်စောင်းလာစေဖို့နဲ့ နိုင်ငံတွင်းမှာရှိနေကြတဲ့ မတူကွဲပြားဘာသာဝင်တွေကြား ပဋိပက္ခတွေဖြစ်လာစေဖို့ ဖန်တီးနေတာ အာဏာရှင်တို့ရဲ့လက်ချက်တွေချည်းပဲဆိုတာ လူထုက သဘောပေါက်ဖို့အချိန်တန်ပါပြီ။

ဗမာနိုင်ငံမှာ အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ်ဆီ အရောက်လှမ်းနိုင်ဖို့ဆိုရင် နိုင်ငံရေးခေါင်းဆောင်တွေ၊ ဗုဒ္ဓဘာသာ ရဟန်း သံဃာတော်တွေ၊ ဘာသာအသီးသီးက ဘာသာရေးခေါင်းဆောင်တွေ၊ တတ်သိပညာရှင်တွေနဲ့ ဒီမိုကရေစီလိုလားသူတွေက ပူးပေါင်းပြီး ရိုးသားတဲ့လူထုကို နိုင်ငံရေးအသိ နိုင်ငံရေးသဘောတရားတွေ ပညာပေး လမ်းညွှန်ကြဖို့လိုသလို လူထုကလည်း အသိတရားရှိရှိ၊ အမြင်ကျယ်ကျယ်၊ သဘောထားကြီးကြီးနဲ့ သွေးစည်းညီညွတ်စွာ ပူးပေါင်းကြဖို့လိုအပ်နေပြီဖြစ်ပါတယ်။
______________________________________
m y O e w y n n _ 1 6 . 0 5 . 2 0 1 4